ဘယ်လိုအခြေအနေတွေမှာ နှလုံးကို တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound) ရိုက်ဖို့ လိုအပ်နိုင်သလဲ
Ultrasound ရိုက်တာဆို ဗိုက်ကိုရိုက်တာပဲ ကြားဖူးနေကြဖြစ်မယ်ထင်တယ်နော်။ တကယ်တော့ Ultrasound က တစ်ကိုယ်လုံးကို ရိုက်လို့ရပါတယ်။ နှလုံးကို ရိုက်တဲ့ Ultrasound ကိုတော့ Echocardiogram၊ အတိုကောက် Echo ရိုက်တယ်လို့ ခေါ်ပြီး နှလုံးနဲ့ သွေးကြောတွေကို အဓိက ကြည့်တာပါ။ Echo ကြည့်တဲ့ ပစ္စည်းကိရိယာလေးနဲ့ ထောက်လိုက်တဲ့အခါ ကြိမ်နှုန်းမြင့်မားတဲ့ အသံလှိုင်းတွေကို ထုတ်လွှင့်ပေးပြီး ပဲ့တင်သံအနေနဲ့ ပြန်လာတဲ့ အသံလှိုင်းတွေကို လှုပ်ရှားနေတဲ့ ပုံရိပ်တွေအဖြစ် ပြန်လည်ဖမ်းယူကာ မော်နီတာပေါ်မှာ မှတ်တမ်းတင်တာကို Echo ရိုက်တယ်လို့ ခေါ်ပါတယ်။
Echo ရိုက်ဖို့လိုမလိုကို နှလုံးအထူးကု ဒါမှမဟုတ် ဆရာဝန်တစ်ယောက်ယောက်ရဲ့ ညွှန်ကြားစာလိုပြီး နှလုံးအထူးကု ဒါမှမဟုတ် sonographer လို့ခေါ်တဲ့ အထူးသင်ကြားထားတဲ့သူတွေက ရိုက်ပေးပါတယ်။
Echo ရိုက်တာကနေ ဘာတွေသိနိုင်သလဲ?
အကြမ်းဖျင်းအားဖြင့် နှလုံးရဲ့ အခန်းတွေ၊ သွေးကြောတွေ၊ သွေးလှည်းပတ်မှုနဲ့ နှလုံးညှစ်အားတွေကို ကြည့်လို့ရပါတယ်။
- နှလုံးသွေးကြောတွေပိတ်နေသလား
- နှလုံးကနေ ခန္ဓာကိုယ်တစ်ခုလုံးကို လုံလောက်စွာ သွေးလွှတ်ပို့နိုင်တဲ့ ညှစ်အားရှိသလား
- နှလုံးသွေးဖိအားပုံမှန်ရှိရဲ့လား
- မွေးရာပါနှလုံးရောဂါတွေ ရှိသလား၊ ရှိရင် နှလုံးက ပုံမှန်အလုပ်မလုပ်တော့ဘူးလား
- နှလုံးအဆို့ရှင်တွေ ချို့ယွင်းလို့ နှလုံးသွေးလှည့်ပတ်မှု မကောင်းဘူးလား
- နှလုံးကြွက်သားနံရံတွေ ထူနေသလား
- နှလုံးက ရောင်နေတာလား စတာတွေကို Echo ရိုက်ခြင်းဖြင့် သေချာစွာသိနိုင်ပါတယ်။
ရောဂါသိတဲ့အခါ အကြီးစား ခွဲစိတ်ရမှာလား၊ အသေးစားခွဲရုံပဲရသလား၊ ဆေးသောက်ရုံပဲလား စသဖြင့် ကုသမှုကို ဆုံးဖြတ်လို့ ရပါတယ်။ Echo ကို ဆေးရုံ၊ ဆေးခန်းတွေမှာ ရိုက်ပေးပြီး ကြိုတင်အစာဖြတ်တာ၊ ရေကြိုသောက်ရတာမျိုး လုပ်စရာမလိုပါဘူး။ ခန္ဓာကိုယ်ရင်ဘတ်ပိုင်းအဝတ်တွေ ဖယ်ရှားပြီး ပက်လက်လဲလျောင်းကာ Gel သုတ်လိမ်းထားတဲ့ ပစ္စည်းကိရိယာလေးနဲ့ ထောက်ပြီး ကြည့်ရှုတာပဲ ဖြစ်ပါတယ်။ ကြာချိန်ကတော့ ၁၅ မိနစ်ကနေ ၁ နာရီအတွင်းရှိတတ်ပါတယ်။
- Stress echocardiogram လို့ခေါ်တဲ့ လေ့ကျင့်ခန်းလုပ်ပြီး ဒါမှမဟုတ် Dobutamine ဆေးထိုးပြီးမှ ရိုက်တဲ့ Echo
- Transesophageal Echocardiogram (TOE) လို့ခေါ်တဲ့ အစာရေမျိုပြွန်ထဲကို ထည့်ပြီးကြည့်ရ၊ရိုက်ရတဲ့ Echo (ဒါအတွက်တော့ ၆ နာရီအစာကြိုဖြတ်ထားဖို့ လိုပါမယ်)
- Contrast Echocardiogram လို့ခေါ်တဲ့ သွေးကြောထဲကို Contrast ဆေးထည့်ပြီးမှ ရိုက်ရတဲ့ Echo တွေလည်း ရှိလာပါပြီ။
ဘေးထွက်ဆိုးကျိုးအနေနဲ့က ကြီးကြီးမားမား မရှိလှပါဘူး။
- TOE ရိုက်ရင်တော့ အစာရေမျိုထိခိုက်တာမျိုး ဖြစ်တတ်ပေမယ့် ရှားပါတယ်။
- Contrast Echo မှာ ဆေးနဲ့ဓာတ်မတည့်တာမျိုး တခါတရံ ရှိနိုင်ပါတယ်။
- ခြုံပြောရရင်တော့ echo ရိုက်ရင် ရလာမယ့်ကောင်းကျိုးက ပိုများလို့ ရိုက်ဖို့လိုအပ်ရင် စိုးရိမ်နေဖို့မလိုဘဲ လုပ်သင့်တဲ့ စမ်းသပ်မှုတစ်ခုပါနော်။
Echo ရိုက်ဖို့ လိုအပ်သလား တိုင်ပင်ချင်တယ်ဆိုရင်လည်း Healtppy က ဆရာဝန်တွေက အဆင်သင့်ရှိနေပါတယ်နော်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်